ကျွန်းလှ ဇွန် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွှဲပိုင်း မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ထူးက မိမိတို့ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ပညာသင်စရိတ်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ သားသမီးများကို နိုင်ငံတော်ကအားထားရသည့် လူငယ်လူရွယ်များဖြစ်စေရန် ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မူလတန်း (၂၀) ဦး၊ အလယ်တန်း (၇) ဦး၊ အထက်တန်း (၈) ဦး၊ အဆင့်မြှင့်တန်း (၅) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၀) ဦးတို့အား ထောက်ပံ့ငွေနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို