မုံရွာ ဇွန် ၆
၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကမ္ဘာတစ်ဝှမ်းတွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ စွန့်ပစ်ပစ္စည်းဆိုင်ရာ ပြင်းထန်သည့် စိုးရိမ်ဖွယ်သုံးပွင့်ဆိုင် ကမ္ဘာ့အကြပ်အတည်းများ ကြုံတွေ့ နေကြရသည့်အတွက် ဖြေရှင်းဆောင်ရွက်မှုများ အရေးတကြီးလိုအပ်လျက်ရှိပါကြောင်း၊ မြေယာ ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းအား ဆောင်ရွက်ခြင်းဖြင့် မြေယာအဆင့်အတန်းလျော့ကျမှု၊ မိုးခေါင်မှုနှင့်သဲကန္တာရဖြစ်ထွန်းမှုများအား တားဆီးနိုင်ပြီး ကာဗွန်သိုလှောင်မှုအား တိုးမြင့်စေ၍ ရာသီဥတုပြောင်းလဲမှုကို လျော့ကျစေမှာ ဖြစ်ပါကြောင်း၊ မြေယာ၏ ၁၅% အား ပြန်လည် ထိန်းသိမ်းပေးခြင်းဖြင့် မျိုးစိတ်များ၏ ၆၀% ကိုလည်း မျိုးသုဉ်းခြင်းမှ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများအနေဖြင့် မြေယာပြန်လည်ထိန်းသိမ်းခြင်း၊ ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်း၊ သဘာဝပတ်ဝန်းကျင်အား ကာကွယ်ခြင်းနှင့် ကမ္ဘာ့တစ်ဝှမ်းလုံးရှိ လူသား သန်းပေါင်းများစွာ၏ အသက်မွေးဝမ်းကြောင်း မှုနှင့်စားရေရိက္ခာဖူလုံမှု မြှင့်တင်ပေးခြင်းစသည့် ရည်မှန်းချက်ပန်းတိုင်များအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့်လည်း ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံ မျိုးကွဲများ ပျက်စီးဆုံးရှုံးမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်စဉ်များအား လျှော့ချနိုင်ရေး မြေယာ ပြန်လည်ထိန်းသိမ်းခြင်း လုပ်ငန်းများနှင့်အတူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အလွန်ပင် အရေးကြီးပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့် သစ်တောဖုံး လွှမ်းမှုရာခိုင်နှုန်းအား ပြန်လည်တိုးတက်စေရန်အတွက် သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနများနှင့်အတူ အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။
ယင်းနောက်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ပတ်ဝန်းကျင်းထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှ ပေးပို့သည့် သဝဏ်လွှာ Video Clip တို့အား ကြည့်ရှုအားပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်မှုဆု ပထမ၊ ဒုတိယ၊ တတိယရရှိကြသည့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများအား ဂုဏ်ပြုဆုလက်မှတ်နှင့်ချီးမြှင့်ငွေများအားလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်မှ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော စက်ရုံ/အလုပ်ရုံ/လုပ်ငန်းဆု ပထမ၊ ဒုတိယ၊ တတိယရရှိကြသည့် လုပ်ငန်းရှင်များအား ဂုဏ်ပြုဆုလက်မှတ်နှင့် ချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးမှ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများနှင့် ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ အမှုထမ်းအဆင့် ရေးဖြေစာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ချီးမြှင့်ငွေများ အားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ ခန်းမအတွင်းပြသထားသော ရေ၊ မြေ၊ လေ တိုင်းတာရေး စက်ကိရိယာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေ၊ ဥပဒေစာအုပ်များနှင့်လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)