ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် အထိမ်းအမှတ် အဖိုးတန်သစ်မျိုး ၅၂၅ ပင်စိုက်ပျိုး

ဘားအံ ဇွန် ၆

၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီ(ပထမအကြိမ်) သစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့နံနက် ၇ နာရီက ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာအုပ်စုရှိ အမှတ်(၂) တန် ၄၀၀၀ ဘိလပ်မြေစက်ရုံ၌ ကျင်းပရာ လူထုလှုပ်ရှားမှုအသွင်ဖြင့် အဖိုးတန်သစ်မျိုးများဖြစ်သော ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက် စုစုပေါင်း ၅၂၅ ပင်ကို စိုက်ပျိုးခဲ့ကြသည်။

သစ်ပင်စိုက်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယခုမိုးရာသီသစ်ပင်စိုက်ပွဲတော်တွင် စိုက်ပျိုးသည့် သစ်တောသစ်ပင်များကို ထာဝစဉ်ရှင်သန်တည်မြဲစေရန်နှင့် သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးကို သားစဉ်မြေးဆက်ခံစားရရှိနိုင်စေရန်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင် စိုက်ပျိုးပြုစုထိန်းသိမ်းကြရမည်ဖြစ်ကြောင်း ပြောကြားပြီး အမှတ်(၂)ဘိလပ်မြေစက်ရုံ တန်(၄၀၀၀) စက်ရုံမှူးထံ ပျိုးပင်များ ဖြန့်ဝေပေးအပ်သည်။

ယနေ့သစ်ပင်စိုက်ပွဲတော်တွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမှတ်(၂) ဘိလပ်မြေစက်ရုံ တန်(၄၀၀၀)မှ စက်ရုံမှူးနှင့်ဝန်ထမ်းများက ကျွန်း(၁၈၉)ပင်၊ ပျဉ်းကတိုး(၁၆၈)ပင်၊ ပိတောက်(၁၆၈)ပင် စုစုပေါင်း (၅၂၅)ပင်ကို စိုက်ပျိုးခဲ့ကြပြီး ကရင်ပြည်နယ်တွင် ယခုနှစ်မိုးရာသီ၌ သစ်မျိုးစုံနှစ်သိန်း ခုနှစ်သောင်းကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ဆက်လက်၍ သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ဇွန်လ ၅ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကမ္ဘာကြီးတွင် အဓိကရင်ဆိုင်ကြုံတွေ့နေရသည့် စိုးရိမ်ဖွယ်အကျပ် အတည်း(၃)မျိုးဖြစ်သော ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲများမျိုးသုဉ်းပျောက်ကွယ်မှုနှင့် စွန့်ပစ်ပစ္စည်းဆိုင်ရာ ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို ပြန်လည်ကုစားပေးနိုင်မည့် ထူးခြားသောတစ်ခုတည်းသော နည်းလမ်းမှာ မြေယာထိန်းသိမ်းမှုလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ အပြန်အလှန်အကျိုးပြု ဆက်နွယ်နေသည့် မြေယာပြန်လည်ပြုပြင်ရေးလုပ်ငန်းများနှင့် ဂေဟစနစ်ပြန်လည်ထိန်းသိမ်းရေးကို ကမ္ဘာ့အရွေ့နှင့် အတူ လိုက်ပါဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)နှင့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Video Clip များကို ကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များက သန့်ရှင်း၍စိမ်းလန်းစို ပြေသောကျောင်းဆုရကျောင်းများ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောကျေးရွာဆုများ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သောလုပ်ငန်း(ဟိုတယ်လုပ်ငန်း)ဆုများ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်းပါပြိုင်ပွဲ၊ အဆင့်မြင့်ပညာစာစီစာကုံးပြိုင်ပွဲ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတို့တွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြကာ အခမ်းအနားဖြစ်မြောက်ရေး ဝိုင်းဝန်းကူညီပေးသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့တတ်ရောက်လာသူများအား ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြပြီး ပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ မှခင်းကျင်းပြသထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများ၊ သင်တန်းဖွင့်လှစ်ပို့ချမှု မှတ်တမ်းဓာတ်ပုံများ၊ ဆုရဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီလက်ရာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)