ကသာမြို့ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သွားရောက်အားပေး

ကသာ ဇွန် ၆

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၃ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးရဲဝင်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူတို့က အမှတ် (၁)၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စာသင်ကျောင်းဆောင်များတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုတို့ကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းဥပဓိရုပ်ခန့်ထည်ရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကသာခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများကို မေလ ၂၃ ရက်နေ့မှ ဇွန်လ (၂)ရက်နေ့ထိ ကျောင်းအပ်လက်ခံခဲ့ပြီးဖြစ်ရာ ဇွန် (၃)ရက်နေ့မှစတင်၍ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်အတွင်းရှိ ကသာမြို့နယ်၊ အင်းတော်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်များတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲလင်းထွန်း(ကသာ)