ပေါင်းတည် ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ရွာအတွင်းရှိပြည်သူများအား မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်မှ ကင်းဝေးစေရန်ရည်ရွယ်ပြီး ယမန်နေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများနှင့် ရပ်ရွာများတွင် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ စီမံမှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မြို့နယ်မိခင် ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာ အသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ အခြေခံပညာကျောင်းများနှင့် ရပ်ရွာအတွင်းတွင် ပိုးလောက်လန်း ပေါက်ပွားနိုင်သော ရေအိုး၊ ရေကန်၊ ဘုရားပန်းအိုး၊ ရေစည်၊ ရေပုံးများ၊ မိုးရေတင်ကျန်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း ပိုးလောက်လန်း ပေါက်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေတွင်း၊ ရေကန်များနှင့် ရေသိုလှောင်ကန်တို့တွင် အဘိတ်ဆေးခတ်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)