ကယားပြည်နယ် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

လွိုင်ကော် ဇွန် ၅

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ လေထုညစ်ညမ်းမှု၊ ဇီဝမျိုးစုံ၊ မျိုးကွဲများ လျော့နည်းဆုံးရှုံးမှု ၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် ပလတ်စတစ် ညစ်ညမ်းမှု စသည့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးပါက ရာသီဥတုဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်စေရေး၊ ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး၊ ကာဗွန်ထုတ်လုပ်မှု လျော့နည်းသည့် အစိမ်းရောင်စီးပွားရေး ရင်းနှီးမြှပ်နှံမှုများကို အားပေးမြှင့်တင်ရေး၊ ရာသီဥတုပြန်လည်မျှတစေရေး နှင့် ဂေဟစနစ်များ ထိန်းသိမ်းရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ညစ်ညမ်းမှုထိန်းသိမ်း ကာကွယ်ရေးတို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်သူလူထုနှင့် ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (၂၀၂၄) ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗွီဒီယိုကလစ်ကို ကြည့်ရှုခဲ့ကြပြီး  အခြေခံပညာအထက်တန်း အဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူ များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် စကားပြောကြား၍ ဆုရစာစီစာကုံးများ၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြသထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မှတ်တမ်းဓါတ်ပုံများ၊ အသိပညာပေး နံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)