မကွေး ဇွန် ၅
သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရေးနှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့နယ်၊ မယ်လှတောင်ကျေးရွာရှိ မယ်လှတောင်ကွင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ခေတ္တဌာနချုပ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ မကွေးတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်ပြီး သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန် လာစေရေး၊ ရာသီဥတုပြောင်းလဲမှုများကို လျော့ချနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ပြန်လည်ကောင်းမွန်လာစေရေးအတွက် ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ် မိုးရာသီမှာ သစ်ပင်စိုက်ပျိုးပွဲတော် ပြုလုပ်ခြင်းများအတွက် အပင်အရေအတွက် (၁၀၄၄၀)ပင်၊ ကျေးရွာထင်းစိုက်ခင်း၊ လမ်းဘေးဝဲ/ယာ စိုက်ခင်းများ အပါအဝင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများအတွက် (၂၇၄၁၀၉၉)ပင်၊ လူထုဖြန့် ပျိုးပင်ဖြန့်ဝေ စိုက်ပျိုးခြင်းများအတွက် (၆၀၇၈၆၇)ပင်၊ မကွေးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၄ မိုးရာသီအတွင်း စုစုပေါင်း(၃၃)သိန်းကျော်ကို ဇွန်လကုန်တွင် အပြီးစိုက်ပျိုးသွားမှာဖြစ်ပါကြောင်း၊ သစ်တော သစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းစိုသာယာလှပစေပြီး ဂေဟစနစ် တည်တံ့စေမည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မှာဖြစ်ပါကြောင်း၊ သစ်တော၊ သစ်ပင်များနဲ့ သစ်တောဂေဟစနစ်များသည် လူသန်းပေါင်းများစွာရဲ့ လိုအပ်တဲ့ အစားအစာ၊ သစ်၊ ဝါး၊ ကြိမ်၊ ဆေးဖက်ဝင်ပင် အစရှိတဲ့ သစ်တောထွက် ပစ္စည်းအမျိုးမျိုးကို ထောက်ပံ့ပေးသကဲ့သို့ ရာသီဥတု ပြောင်းလဲခြင်းကို ထိန်းညှိပေးခြင်း၊ အပူချိန်ကိုထိန်းညှိပေးခြင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ လေထုအတွင်းမှ ကာဗွန်စုပ်ယူ သိုလှောင်ဖယ်ရှားပေးခြင်း၊ ရေနှင့်လေများ သန့်စင်ပေးခြင်း၊ မြေတိုက်စားမှု၊ မြေပြိုမှုများမှ ကာကွယ်ပေးခြင်း၊ ဝတ်မှုန်ကူးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝစေခြင်း၊ မြေဆီမြေနှစ်အဆင့်ဆင့်ဖြစ်ပေါ်စေခြင်းစတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ၊ အကျိုးကျေးဇူးများကိုလည်း ပံ့ပိုးပေးလျက်ရှိပါကြောင်း ပြောကြားသည် ။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး၊ မကွေးတိုင်းဒေသကြီး အမျိုးသမီး ရေးရာအဖွဲ့ နာယကတို့က အမှတ်(၃)တပ်မတော် အကြီးစားစက်ရုံ၊ အမှတ်(၅)စက်မှုသင်တန်းကျောင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ တာဝန်ရှိ သူများထံ ပျိုးပင်များပေးအပ်ခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တပ်နယ်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ အမှတ်(၃) တပ်မတော် အကြီးစားစက်ရုံ ဝန်ထမ်းများ၊ အမှတ်(၅)စက်မှူသင်တန်းကျောင်းမှ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများ၊ အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ တမာ (၂၀၀)၊ မယ်ဇယ် (၁၀၀)၊ မယ်ဇလီ(၁၅၀)၊ ကုလားကုက္ကိုလ် (၂၀၀)၊ ဆီသပြေ (၅၀)၊ ပန်းမယ်ဇလီ (၁၀၀)၊ ခရေ (၁၀၀)၊ ရေတမာ(၁၀၀) စုစုပေါင်းသစ်မျိုး(၈)မျိုး၊ စုစုပေါင်းပျိုးပင်(၁၀၀၀)ကို စိုက်ပျိုးခဲ့ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သစ်ပင်စိုက်ပျိုးပွဲ တက်ရောက် လာသူများမှ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)