ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

ဟားခါး ဇွန်   ၅

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် (၅၁)ကြိမ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး”ဆိုသည့် ဆောင်ပုဒ်ဖြစ်ကြောင်း၊  မြေယာပျက်စီးမှု၊ သဲကန္တာရ ဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုများဟာ အစဉ် အမြဲ သတိမမူခဲ့ကြပေမယ့် ဆောင်ပုဒ်သတ်မှတ်ချက်အရ မျက်မှောက်ကာလ ကမ္ဘာလုံးဆိုင်ရာပြဿနာများ ဖြစ်နေသည်ကို သတိထားကြရမည်ဖြစ်ပါကြောင်း၊ သဲကန္တာရဖြစ်ထွန်းလာရခြင်း အကြောင်းရင်းများမှာ သစ်နှင့်ထင်းအလွန်အကျွံထုတ်ယူခြင်း၊ စိုက်ပျိုးမြေချဲ့ထွင်ခြင်း၊ သတ္တုတူး ဖော်ခြင်း၊ စာကျက်ချခြင်း၊ မြို့ရွာများ တိုးချဲ့တည်ထောင်ခြင်း၊ ဆည်တာတမံများတည်ဆောက်ခြင်း၊ ရွှေ့ပြောင်းတောင်ယာစနစ် တောမီးရှို့ခြင်းကြောင့် သစ်တောများပြုန်းတီးခြင်း၊ မြေဆီလွှာများ ပျက်စီးခြင်းစသည်တို့ကြောင့်ဖြစ်သည်ကို သိရှိရကြောင်း၊ သဘာဝပတ်ဝန်း ကျင် ပျက်စီးယိုယွင်းမှုတွင် သဘာဝကြောင့်ဖြစ်ရခြင်းသည် ၁၀ ရာခိုင်နှုန်းခန့်သာဖြစ်ပြီး လူတို့၏ ပယောဂကြောင့် ဖြစ်ရခြင်းသည် ၉၀ ရာခိုင်နှုန်းဖြစ်သည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ် ဆောင်ပုဒ်နှင့်အညီဌာန၊ အဖွဲ့အစည်းများမှသည် တစ်ဦးတစ်ယောက်ချင်းစီက မြေယာပြုပြင်ရေး၊ သဲကန္တာရတိုက်ဖျက်ရေး၊ မိုးခေါင်ရေးရှားဒဏ်ခံနိုင်ရေးတို့အတွက် သစ်တောများ ပြန်လည်တည်ထောင်ခြင်း၊ သဘာဝတောများ ထိန်းသိမ်းခြင်း၊ ရွှေ့ပြောင်းတောင်ယာစနစ်မှ အမြဲတမ်းတောင်ယာစနစ်သို့ ကူးပြောင်းခြင်း၊ ရေသုံးစွဲမှု ချွေတာခြင်း၊ ရေသယံဇာတများကိုထိန်းသိမ်းခြင်း စသည်တို့ကို အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်းဖြင့် အမှာစကားပြောသည်။

ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အတွက် ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာနှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုအသိပညာပေး Video Clip များ ပြသသည်။

အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အခမ်းအနားတက်ရောက်လာကြသူများအား နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)