ဧကဒသမကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆို ပူဇော်ပွဲကြီးတွင် တစ်နိုင်ငံလုံး ပထမဆုနှင့် တတိယဆုရ ထူးချွန်သူ (၂) ဦးအား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ

ဓနုဖြူ ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ​မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ဧကဒသမကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးတွင် တစ်နိုင်ငံလုံး ပထမဆုနှင့် တတိယဆုရ ထူးချွန်သူ (၂) ဦးအား ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဧကဒသမကြိမ်မြောက် မြန်မာနိုင်ငံလုံး ဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်ဖြေဆို ပူဇော်ပွဲဗဟိုအဆင့်တွင် ဓနုဖြူမြို့နယ်၊ စစ်ကွင်းကျေးရွာအုပ်စု၊ စစ်ကွင်းကျေးရွာ၊ ချောင်းစောက်ဓမ္မစကူးလ်မှ မချောစုလှိုင်က တစ်နိုင်ငံလုံး (ပထမဆု) ကိုလည်းကောင်း၊ စံကင်ကျေးရွာအုပ်စု၊ ပတ်တန်းကျေးရွာ၊ ရင်သွေးကမ္ဘာဓမ္မစကူးလ်မှ မောင်ဟိန်းထက်ဇော်က တစ်နိုင်ငံလုံး (တတိယဆု) ကိုလည်းကောင်း၊ ဗုဒ္ဓဝံသဝိသာရဒဘွဲ့ရ ထူးချွန်သူ (၇) ဦး၊ မြို့နယ်အဆင့် မူလတန်း ပထမဆုရ (၁) ဦး၊ စုစုပေါင်း (၁၀) ဦးတို့အား မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုပန်း၊ ဂုဏ်ပြုပန်းစည်းများဖြင့် ကြိုဆိုဂုဏ်ပြုချီးမြှင့်ခဲ့ကြပြီး၊ အဆိုပါထူးချွန်သူ (၁၀) ဦးတို့အား လှုံ့ဆော်ရေးယာဥ်၊ ဆရာတော်သံဃာတော်များ လိုက်ပါလာသောယာဥ်၊ မြို့နယ်တာဝန်ရှိသူများ၊ ဧည့်ပရိသတ်များ လိုက်ပါလာသော ယာဥ်များဖြင့် မြို့တွင်းတစ်ပတ် ဂုဏ်ပြုလှည့်လည်ခဲ့ကြရာ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရဟန်းရှင်လူအပေါင်းတို့က ဂုဏ်ပြုချီးမြှင့် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)