ကော့သောင်း ဇွန် ၅
၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ကော့သောင်းမြို့အဏ္ဏဝါရပ်ကွက်ရှိ မဥ္ဇူသကခန်းမတွင် ယနေ့နံနက် ၉ နာရီကကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကော့သောင်းခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှု ဆပ်ကော်မတီဝင်များ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးအောင်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံနှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်များအား ကုလသမဂ္ဂမှ နှစ်စဉ်သတ်မှတ်ထုတ်ပြန်ပေးမှုများ၊ ကမ္ဘာတစ်ဝှမ်းကြုံတွေ့နေရသော ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် စွန့်ပစ်ပစ္စည်းများဆိုင်ရာ ပြင်းထန်သည့် စိုးရိမ်ဖွယ် ၃ ပွင့်ဆိုင် ကမ္ဘာ့အကျပ်အတည်းများအား ဖြေရှင်းဆောင်ရွက်မှုများနှင့် ဦးဆောင်မှုများ အရေးတကြီးလိုအပ်နေမှုများနှင့် ၎င်းအကျပ်အတည်းများမှတစ်ဆင့် ကမ္ဘာ့ဂေဟစနစ်အား ပြင်းထန်သောပျက်စီးမှုများဖြစ်ပေါ်နေစေမှုများ၊ မြေယာပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမှရရှိလာမည့် အကျိုးကျေးဇူးများ၊ ကမ္ဘာ့နိုင်ငံများမှ မြေယာပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် စီစဉ်ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံအနေဖြင့် မြေယာပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်အတွင်း မြေယာပျက်စီးမှုများအား ကာကွယ်နိုင်ရန်နှင့် ပျက်ဆီးနေသော မြေယာများအား ပြန်လည်ထိန်းသိမ်းနိုင်ရန် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ကြရာတွင် ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်သော လုပ်ဆောင်မှုများအပြင် စွန့်ပစ်ပစ္စည်းများကြောင့် မြေယာပျက်စီးစေမှုများအပါအဝင် ပတ်ဝန်းကျင်ညစ်ညမ်းမှုများအား ကာကွယ်ထိန်းချုပ်လျှော့ချနိုင်ရန်အတွက် စွန့်ပစ်ပစ္စည်းများအား စနစ်တကျစီမံခန့်ခွဲစွန့်ပစ်ခြင်းများ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားပါသည်။
ယင်းနောက် အခမ်းအနားတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) ၏ ဗီဒီယို၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဗီဒီယိုများပြသခဲ့ပြီး ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သော “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ဖြင့် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသော ကျောင်းသား/သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါသည်။
ယင်းနောက် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကော့သောင်းခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဝင်များ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ခန်းမအတွင်း ကော့သောင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ ခင်းကျင်းပြသထားသည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)