ပြည်မြို့၌ ၂၀၂၄ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ပြည် ဇွန် ၅

ယနေ့ ဇွန် ၅ ရက်တွင် ကျရောက်သည့် ၂၀၂၄ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို  ပြည်မြို့၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာရုံးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် အခြေခံပညာ‌ကျောင်းများမှ ဆရာ၊ ဆရာမများကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Gutierrez နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်မှ အမှုဆောင်ဒါရိုက်တာတို့၏ ၂၀၂၄ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆိုင်ရာ ပေးပို့သော သဝဏ်လွှာနှင့် ပြောစကား ဗီဒီယိုဖိုင်တို့အား ဖွင့်လှစ်ပြသပေးသည်။

ဆက်လက်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး‌နေ့အထိမ်းအမှတ်ဗီဒီယိုအား ပြသပေးပြီး ပြည်ခရိုင်မှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်   "သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းဆု" ပြိုင်ပွဲတွင် ပထမဆုဆွတ်ခူးရရှိခဲ့သော  အ-ထ-က (၅) ပြည်၊ အ-လ-က (အုတ်ပုံ) နှင့် အ-မ-က (တည်သီးပြင်) ကျောင်းတို့အား ခရိုင်စီမံအုပ်ချုပ်ရးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှူးတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများ ချီးမြှင့်ပေးအပ်သည်။

၂၀၂၄ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို "သဲကန္တာရတိုက်ဖျက်‌ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး" ဆောင်ပုဒ် သတ်မှတ်ကျင်းပခြင်းဖြစ်ပြီး ပြည်ခရိုင်တွင် ယင်းဆောင်ပုဒ်ပါခေါင်းစဉ်ဖြင့် အထိမ်းအမှတ်နေ့အကြို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အွန်လိုင်းအသိပညာပေး Talk Showများပြုလုပ်ခြင်းနှင့် သစ်ပင်စိုက်ပျိုးပွဲများပြုလုပ်ခြင်းတို့ကို ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ၁၉၉၄ခုနှစ်က စတင်တည်ထောင်ခဲ့သော "ကုလသမဂ္ဂသဲကန္တာရတိုက်ဖျက်ရေးကွန်းဗင်းရှင်း" နှစ် ၃၀ပြည့်အထိမ်းအမှတ်အနေဖြင့် ယခုနှစ်ဆောင်ပုဒ်အား သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)