ထားဝယ် ဇွန် ၅
“သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး၊ မြေယာပြန်လည်ပြုပြင်ပေး" ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကမ္ဘာတစ်ဝှမ်း ရင်ဆိုင်နေကြရသည့် စိုးရိမ်ဖွယ်ရာ ပြင်းထန်သော (၃) ပွင့်ဆိုင် အကျပ်အတည်းဖြစ်များဖြစ်သည့် ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးမှု၊ စွန့်ပစ်ပစ္စည်းများနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုဆိုင်ရာများကို ကမ္ဘာသူ၊ ကမ္ဘာသားများ သတိထားမိစေပြီးဝိုင်းဝန်း ပူးပေါင်းဖြေရှင်းနိုင်စေရန် အတွက် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” “Land restoration, desertification and drought resilience” ဆိုသည့်ဆောင်ပုဒ်အား သတ်မှတ်ခဲ့ကြောင်း၊ ၃ ပွင့်ဆိုင် ကမ္ဘာ့အကျပ်အတည်းများသည်ကမ္ဘာ့ဂေဟစနစ်ကို ပြင်းပြင်းထန်ထန် ပျက်စီးစေသည့် အတွက် လယ်ယာမြေဟက်တာဘီလီယံနှင့်ချီပြီး ပျက်စီးခဲ့ရသလိုကမ္ဘာ့လူဦးရေ ထက်ဝက်နီးပါးနဲ့ ကမ္ဘာ့ GDP ၏ တစ်ဝက်ကိုထိခိုက်စေလျက်ရှိရာတွင် ကျေးလက်နေပြည်သူများ၊ တောင်သူလယ်သမားများနှင့် ဆင်းရဲနွမ်းပါးသူများကို အဆိုးရွားဆုံးထိခိုက်မှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ မြေယာပြန်လည် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် မြေယာအဆင့်အတန်းလျော့ကျမှု၊ မိုးခေါင်မှုနှင့် သဲကန္တာရဖြစ်ထွန်းမှုတွေကို တားဆီးနိုင်မှာဖြစ်သလို အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုလည်း မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ မြေယာပျက်စီးမှုကို တိုက်ဖျက်ရေးအတွက် မြေဆီလွှာဖွံ့ဖြိုးရန် နည်းစနစ်များနှင့် သင့်လျော်သောမူဝါဒများ၊ အစီအစဉ်များနှင့် Project များ ရေးဆွဲဆောင်ရွက်ရန် လိုအပ်သလို ရေဝေရေလဲစီမံခန့်ခွဲမှု၊ မြေဆီလွှာနှင့်ရေထိန်းသိမ်းမှု၊ သဲသောင်များ တည်တံ့စေခြင်း၊ ရေနစ်မြှုပ်နေသော ဆားငန်မြေများအားပြန်လည်ဖော်ဆောင်ခြင်း၊ သဘာဝမြေဩဇာများ အသုံးပြုခြင်းအားဖြင့် စိုက်ပျိုးနိုင်သောမြေများတွင် မြေဆီဩဇာ ပြန်လည်ဖြည့်တင်းပေးခြင်းတို့ကို စီမံဆောင်ရွက်ခြင်း၊ သင့်လျော်သောသီးနှံ များစိုက်ပျိုးခြင်းတို့ကို စီမံဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေး၊ ပလတ်စတစ်ညစ်ညမ်းမှု အပါအဝင်ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုပြဿနာများ ရင်ဆိုင်ဖြေရှင်းရာတွင် ပြည်သူအားလုံးအကောင်းဆုံး ဖြေရှင်းနည်းလမ်းများကို ဝိုင်းဝန်းအဖြေရှာအတူတစ်ကွ ပူးပေါင်း ဆောင်ရွက်ကြခြင်းအားဖြင့် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည် ပြုပြင်ပေးဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို လူတစ်ဦးချင်းစီကစ၍ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကုလသမဂ္ဂအထွေထွေရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယိုနှင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဗီဒီယိုပြသပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန် သောနေရာဒေသ (စံပြကျေးရွာ) ဆုအားလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် စဉ်ဆက်မပြတ်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုအားလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးဆုနှင့် သရုပ်ဖော်ပန်းချီဆုများအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကာ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)