ပွင့်ဖြူ ဇွန် ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား ကြပ်မတ်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဈေးကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသုံးဆီအရောင်းဆိုင်များသို့သွားရောက်ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးဆီများ ဖြန့်ဖြူးရောင်းချရာ၌ ပြည်သူများအဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် သတ်မှတ်ကာလပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ ဆီချိန်တွယ်မှုမှန်ကန်ရေး အလေးထားဆောင်ရွက်ရန်၊ ကျန်းမာရေးဆိုးကျိုးဖြစ်စေသော တရားမဝင်ဆီများနှင့် ရောနှောရောင်းချခြင်းမပြုရန်၊ စားသုံးဆီများတင်သွင်းရောင်းချရာ၌ လိုက်နာရမည့် စားသုံးသူအခွင့်အရေးများဆိုင်ရာ သိကောင်းစရာများ၊ လိုက်နာရန်ပျက်ကွက်ပါက အရေးယူခံရမည့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေး ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများပူးပေါင်းအဖွဲ့က စားသုံးဆီဆိုင်များအလိုက် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် စားသုံးဆီများ ကျန်းမာရေးဘေးထွက်ဆိုးကျိုး ရှိ/ မရှိ ၊ အချိန်အတွယ် မှန်ကန်မှု ရှိ/ မရှိ ၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/ မရှိနှင့် တရားမဝင်စားသုံးဆီများ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်း ရှိ/ မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )