ကန့်ဘလူ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ခရိုင်အဆင့် ရောင်စုံပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ကန့်ဘလူ ဇွန် ၅

ပြည်သူလူထုကြားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ တိုးတက်ပြန့်ပွားစေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ခရိုင်အဆင့် ရောင်စုံပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇွန် ၅ ရက်နံနက် ၁၀ နာရီက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့ဖြစ်ပေါ်လာပုံနှင့် ရောင်စုံပန်းချီပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပန်းချီဆရာကြီးဦးစိုးမြင့်ဝေက ရောင်စုံပန်းချီပြိုင်ပွဲ ဆုရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နန်းမြင့်က ဌာန၏ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပရာ အလယ်တန်းဆင့်နှင့် မူလတန်းဆင့်ရောင်စုံပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု (၁/၂/၃) ဆုရရှိသူများကို လက်ထောက်ညွှန်ကြားရေးမှူးဦးညီညီဇော်နှင့်တာဝန်ရှိ သူများက ဆုများချီးမြှင့်ပေးအပ်ပြီး ဆုရရှိသူကျောင်းသား ကျောင်းသူများကိုယ်စား အလယ်တန်းဆင့် ပထမရရှိသူ မနေခြည်မင်းလွင်က ကျေးဇူးတင်စကားပြန် လည်ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)