ကျိုက်လတ်မြို့၌ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျိုက်လတ် ဇွန် ၅

(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင် (၂) ဉီးစိန်မြင့်တို့က (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ယခင်နှစ်များနည်းတူ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများဖြင့် ကော်မတီများ အသီးသီးဖွဲ့စည်းထားပြီး၊ သက်ဆိုင်ရာကော်မတီ အလိုက်လုပ်ငန်းများ အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင် နိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ပြိုင်ပွဲဝင်များ အောင်နိုင်ရေးကြီးကြပ်မှုကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေး ဆပ်ကော်မတီ၊ သွားရောက်ယှဉ်ပြိုင်ရေးနှင့် ပို့ဆောင်ရေးဆပ်ကော်မတီစသည့် ကော်မတီ ၃ ခုမှ တာဝန်ရှိသူများက မိမိတို့ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ယခင်နှစ် အားနည်းချက်၊ အားသာချက်များနှင့် နှိုင်းယှဉ်၍ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ သဘင်ပညာရှင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်