တောင်တွင်းကြီးမြို့နယ်၌ စာအုပ်စာစောင်ပြပွဲကျင်းပ

တောင်တွင်းကြီး ဇွန် ၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre)တွင် ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ စာအုပ်/စာစောင်ပြပွဲအား ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက တောင်တွင်းကြီးမြို့နယ်အတွင်း ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ မြို့နယ်ပြည်သူ့စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထမှ အ​လေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေဗဟုသုတ ကြွယ်ဝစေရန်နှင့် စာအုပ်စာစောင်များအား တန်ဖိုးထားတက်စေရန် ရည်ရွယ်၍ စာအုပ်/စာစောင်ပြပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် အလုပ်တာဝန်များဖြင့် မအားလပ်၍ လာရောက်မဖတ်ရှုနိုင်သည့် စာပေချစ်မြတ်နိုးသူများအတွက်လည်း (mobile library) စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ ဌာရမ်းပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် သုတ၊ ရသ၊ ရုပ်ပြ စာအုပ်စာစောင်များ၊ အသိပညာဗဟုသုတရရှိစေမည့် စာအုပ်များကိုလည်း ခင်းကျင်းပြသခဲ့ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များနှင့် လူငယ်လူရွယ် (၅၀)ဦးခန့်က စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)