မြဝတီ ဇွန် ၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြဝတီခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်း ဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် (၅၂) ကြိမ်မြောက် “ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်” အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် နှစ်စဉ် အလေးထားကျင်းပလျက်ရှိကြောင်း၊ ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေးနှင့် မြေယာပြန်လည်ပြုပြင်ပေး” ဆိုသကဲ့သို့ သဲကန္တာရဖြစ်ခြင်းနှင့် မိုးခေါင်ရေရှားခြင်းဒဏ် တိုက်ဖျက်နိုင်ရန်အတွက် သစ်တော၊ သစ်ပင်များ၏ ဂေဟစနစ် ပျက်စီးပြုန်းတီးမှုမဖြစ်ပေါ်စေရန် ပြည်သူလူထုအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်ကြရေးဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပေးပို့သောသဝဏ်လွှာ၊ UNEP ၏ အမှုဆောင်ညွှန်ကြားရေးမှူးက ပေးပို့သောသဝဏ်လွှာ Video Clip နှင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video တို့အား ပြသခဲ့သည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ခင်းကျင်းပြသပေးသည့် AQM – 09 ဝန်းကျင်လေထု တိုင်းတာရေးစက်၊ U 52G ရေအရည်အသွေး တိုင်းတာရေးစက်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး စာအုပ်များနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗဟုသုတဖြစ်ဖွယ် သုတ/ ရသ စာအုပ်၊ စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)