သံတောင်ကြီးမြို့၊ ဘုရင့်နောင်အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပပြုလုပ်

သံတောင်ကြီး ဇွန် ၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ/ကျောင်းသားများ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်နှင့်  မေးမြန်းဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရှိလာစေရန် မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သံတောင်ကြီးမြို့ ဘုရင့်နောင်တပ်နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဦးစွာ မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းဌေးက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုအနေဖြင့် လူငယ်စကားဝိုင်းများကို ကျင်းပပေးခြင်းဖြင့် ကျောင်းသူ/ ကျောင်းသားများစာဖတ်သည့် အလေ့အကျင့်ကောင်းများရှိလာစေရန် စာဖတ်ခြင်းဖြင့် အကောင်းအဆိုး အမှား/ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေး  လှုပ်ရှားမှုများကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ နော်လော်မူက လူငယ်စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး လူငယ်စကားဝိုင်းကို ပြုလုပ်ဆောင်ရွက်ရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ နော်လော်မူက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး မထွန်းနဒီပို(Grade–9)ကျောင်းသူက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မစန္ဒီဟိန်းဇော်(Grade– 8)ကျောင်းသူက လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဝင်းလက်လက်နိုင်(Grade–11 )ကျောင်းသူက လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မလှိုင်ချစ်ဖူး(Grade– 7) ကျောင်းသူက လူငယ်နှင့်စာရိတ္တဖြင့် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအိစောဖြိုး(Grade-10) ကျောင်းသူက လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသူ/ကျောင်းသားများက သိရှိလိုသည်များအား အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

နော်နော်မူ