တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေး စာစောင်များ ဖြန့်ဝေ

တောင်တွင်းကြီး ဇွန် ၅

ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေး စာစောင်များ ဖြန့်ဝေခြင်းကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ခံဦးစည်သူအောင်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ကမ္ဘာပေါ်ရှိ လူသားများ အပါအဝင် သက်ရှိသတ္တဝါအားလုံး ကျန်းမာပျော်ရွှင်စွာ ရှင်သန်နိုင်ရေးအတွက် သန့်ရှင်းကောင်းမွန်သော ကမ္ဘာမြေကြီးဖြစ်စေရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ စိမ်းစိုသာယာလှပသော ကမ္ဘာမြေတွင် တိုးပွားလာသော လူဦးရေအတွက် စားဝတ်နေရေး လိုအပ်ချက်များ ဖြည့်ဆည်းမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်ဆုတ်ယုတ်မှုများ၊ ပလပ်စတစ်အသုံးပြုခြင်း၏ ဆိုးကျိုးများ၊ သန့်ရှင်း၊ ကျော့မော့၊ အမှိုက်လျှော့ရန် 3R သုံးပြီး အမှိုက်လျှော့ချစို့၊ ပတ်ဝန်းကျင်ရေးရာကျင့်ဝတ်နှင့် သိမှတ်ဖွယ်ရာများအကြောင်း ဟောပြောခဲ့ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးစာစောင်များ ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်ပြပွဲကို တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး Grade (7) ကျောင်းသား၊ ကျောင်းသူ(၆၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)