မြောင်းမြ ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ မြစိမ်းရောင်တောင်တော်သာသနာ့နယ်မြေ အမရဝတီဆင်ဖြူတောင်စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ အင်းဝအာရုဏ်ခံတန်ဆောင်းတော်ကြီး ရေစက်ချမင်္ဂလာနှင့် တန်ဆောင်းတော်အတွင်းရှိ ဓမ္မစကြာမုနိဗုဒ္ဓရုပ် ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကဘုရားအနေကဇာတင်ခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကညင်ချောင်းကျေးရွာအုပ်စု၊ မြစိမ်းရောင်တောင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အင်းဝဆေးတိုက်မှ အလှူရှင်များက ကမ္ဗည်းကျောက်စာတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး၊ အမွှေးနံ့သာများပက်ဖျန်းခဲ့သည်။ ထို့နောက် ဆရာတော်အရှင်သူမြတ်တို့က တန်ဆောင်းတော်အတွင်းရှိ ဓမ္မစကြာမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကဘုရားအနေကဇာတင်ခဲ့သည်။ ဆက်လက်၍ “နမောတဿ”သုံးကြိမ်ဘုရားကန်တော့၍ ရေစက်ချမင်္ဂလာအခမ်းအနားကို စတင်ခဲ့ပြီး၊ နိုင်ငံတော်သံဃာ့နာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ ဇောတိကဓဇမြောင်းမြမြို့ ဇေယျမေဒနီစာသင်တိုက် ဆရာတော်ဘဒ္ဒန္တစန္ဒဝရ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်ရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့သည်။ ထို့နောက် မြောင်းမြခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး၊ ဆရာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုအစုစုအား ဆက်ကပ်ပူဇော်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်ဗဟိုဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ အလယ်တောရ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာသီဟ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)