မြိတ် ဇွန် ၅
၂၀၂၄ ခုနှစ် ယနေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာတစ်ဝှမ်း နေရာဒေသအသီးသီးတွင် ကျင်းပလျက်ရှိကြရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် Green Eyes Hotel ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပခဲ့သည်။
ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျေးလက်နေ ပြည်သူများ၊ တောင်သူလယ်သမားများနှင့် ဆင်းရဲနွမ်းပါးသူများအား အဆိုးရွားဆုံးထိခိုက်မှုများ ဖြစ်ပေါ်စေသည့် သဲကန္တာရဖြစ်ပေါ်ခြင်း မိုးခေါင်ရေရှားဖြစ်ပေါ်ခြင်း အစရှိသည့် သဘာဝဘေးအန္တရာယ်များကို ဖြေရှင်းဆောင်ရွက်မှုများ အရေးတကြီး လိုအပ်လျက်ရှိကြသည်။
အခမ်းအနားတွင် မြိတ်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က အဖွင့်အမှာစကားပြောကြားပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ ဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)၏ ပညာပေးဗီဒီယိုနှင့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုပြသခဲ့ကြရာ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲဆုရရှိသူများအား မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်သည် တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံ အနေနဲ့သာမက တစ်ကမ္ဘာလုံးနဲ့ပါ သက်ဆိုင်သည်ဖြစ်၍ တစ်ဦးချင်းစီရဲ့ အမူအကျင့်များက နေစတင်ကာ ကမ္ဘာတစ်ဝှမ်းရှိ အသိုက်အဝန်းအားလုံးကို သက်ရောက်မှုရှိပြီး သိသာမြင်သာစွာ ခြိမ်းခြောက်နေသည့် သဲကန္တာရဖြစ်ထွန်းခြင်း၊ မိုးခေါင်ရေရှား ဖြစ်ပေါ်ခြင်းများကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေး၊ စီးပွားရေးနဲ့ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို တိုက်ဖျက်ရာတွင် မြေယာပြန်လည်ပြုပြင်ရေးလုပ်ငန်းများအပေါ် အကောင်းဆုံး ဖြေရှင်းနည်းလမ်းများကို ဝိုင်းဝန်းအဖြေရှာကြကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အတူတစ်ကွ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )