ပခုက္ကူ ဇွန် ၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂ အချိန်က အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက “ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှုမရှိစေရေးအတွက် ရက်ကန်းလုပ်ငန်းဆိုင်ရာ နည်းပညာများနှင့် အတတ်ပညာများ ပိုမိုထွန်းကားကျယ်ပြန့်စေရေး၊ ရက်ကန်းပညာရှင်များ တိုးပွားလာစေရေးတို့အတွက် နှစ်စဉ်ရက်ကန်းပညာနှင့် စက်ချုပ်ပညာရပ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် စက်ချုပ်နည်းပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရေး၊ မိသားစုဝင်ငွေတိုးပွားလာစေရေးတို့အတွက် မိမိလေ့လာသင်ယူထားသည့် အတတ်ပညာများကို စနစ်တကျပြန်လည်အသုံးချတတ်ကြရန်လိုအပ်ကြောင်း” ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက စက်ချုပ်အတတ်ပညာရပ်ဖြင့် အမှန်တကယ်လုပ်ငန်းထူ ထောင်လုပ်ကိုင်မည့် သင်တန်းသား၊ သင်တန်းသူများအား အပ်ချုပ်စက်ပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များအား အသီးသီးပေးအပ်ချီးမြှင့်ကြရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းကာလအတွင်း ရက်လုပ်ထားသည့် တိုင်းရင်းသားရိုးရာအထည်များ၊ ချည်ထည်ပိုထည်များ၊ စက်ရက်ကန်းနှင့်လက်ရက်ကန်းစင်တို့အား လိုက်လံကြည့်ရှုကြသည်။
အခြေခံစက်ချုပ်သင်တန်းကို ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်မှ ဇွန် ၄ ရက်နေ့အထိ စက်ချုပ်အတတ်ပညာဘာသာရပ်(၁၂)ခုကို စာတွေ့လက်တွေ့စနစ်တကျဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းသား၊ သင်တန်း၂၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ