ငပုတော ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ကွင်းချောင်းကျေးရွာနှင့် တမန်ချောင်းကျေးရွာတို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ဟောပြောပွဲဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များက ပြည်သူများ သိရှိနားလည်နိုင်စေရန်အတွက် ပြည်သူ့စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလိုကြောင်း၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်း စနစ်ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများ အစရှိသည်များအား ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက်ပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)