ကလေး ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စုပါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဃ ဦးကျော်စိုးတင့်က အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်နှင့်ပတ်သက်သည့် ဗီဒီယိုများပြသခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ကလေးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲများ၊ ကွင်းဆင်းဆောင်ရွက်မှုများ၊ On line Talk Show ဆွေးနွေးပွဲများ မှတ်တမ်းများနှင့် စာအုပ်စာစောင် ပြသထားရှိမှုများကို ကြည့်ရှုခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ကလေးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း ၇၀ ဦး တက်ရောက်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)