ပေါင်းတည်၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပ

ပေါင်းတည် ဇွန် ၅

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ သစ်တောဦးစီးဌာနက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦး​​​ဆောင်မှုဖြင့် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲကို ယနေ့နံနက် (၈) နာရီက သပြေကြီးစု ကျေးရွာအုပ်စု၊ တိလောကရုံ ကမ္မဌာန်းကျောင်းတိုက်ဝင်းတွင် ကျင်းပပြုလုပ်သည်။

 ဦးစွာ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးဗန်လာအဲငါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့အား သစ်မျိုးပျိုးပင်များ ပေးအပ်ကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ တက်ရောက်လာကြသူများက ကျွန်း၊ ပျဉ်းကတိုး၊ ကံ့ကော်၊ ပိတောက်နှင့် ခရေစသည့် သစ်မျိုးစုံပျိုးပင် ၃၀၀ ကို စုပေါင်းစိုက်ပျိုးကြသည်။ ထိုသို့ သစ်ပင်များ စိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်၊ ဒေသတွင်း အပူချိန်လျော့ကျလာစေရန်၊ ဂဟေစနစ် တည်ငြိမ်လာစေရန်၊ ပြည်သူများကိုယ်တိုင် သစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေပြီး သစ်တောသစ်ပင်များကို ချစ်ခင်တန်ဖိုးထားတတ်လာစေရန်နှင့် သစ်တောသစ်ပင် စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများ အကျိုးကျေးဇူးရရှိခံစားနိုင်စေရန် ရည်ရွယ်၍ သစ်ပင်စိုက်ပွဲများကျင်းပ​ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်စိုက်ပျိုးကြကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)