ဒေးဒရဲမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဒေးဒရဲ ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တော၊ သစ်ပင်တန်ဖိုးများကို အများပြည်သူများ အလေးထားသိရှိနိုင်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအား ယနေ့နံနက်(၈)နာရီက ဒေးဒရဲမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ  စိန္တာမုနိဘုရား​ကြီးကျောင်းတိုက်ပရဝုဏ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့်အဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ်သစ်တောဦးစီးအရာရှိ ဦးကျော်ဇံရွှေ၊ မြို့နယ်သစ်တောဦးစီးဌာမှ တာဝန်ခံတောအုပ်ကြီး ဦး​​အောင်မျိုးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် မန်ဂျန်ရှား၊ ခရေ၊ မယ်ဇလီ၊ ရေတမာစသည့် ပျိုးပင်(၃၀၀)အား တပျော်တပါး စနစ်တကျစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အေဇာလင်း