စစ်ကိုင်း ဇွန် ၅
စစ်ကိုင်းခရိုင်၊ မြင်းမူ၊ မြောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ လက်စွဲမျိုးစေ့ချကိရိယာပေးအပ်ပွဲနှင့် ဝါသီးနှံအထူးဇုန်ဆောင်ရွက်မည့် တောင်သူများအား မျိုးကောင်း၊ မျိုးသန့်ဝါမျိုးစေ့ပေးအပ်ပွဲကို ယမန်နေ့က ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် စစ်ကိင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်(၂)ဦးတိုးဝေက လုပ်ငန်းလမ်းညွှန်ချက်များကို ဆွေးနွေးပြောကြားကာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်သီတာလွင်က စစ်ကိုင်းခရိုင်အတွင်း မြင်းမူ၊ မြောင်မြို့နယ်များမှ တောင်သူများအားလက်စွဲမျိုးစေ့ချကိရိယာနှင့် ဝါမျိုးစေ့များထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ စစ်ကိုင်းမြို့နယ်ရှိတောင်သူများကိုလည်း ပြီးခဲ့တဲ့ရက်သတ္တပတ်ကပေးအပ်ခဲ့ပြီးဖြစ်ကောင်း၊ လက်စွဲမျိုးစေ့ချကိရိယာတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကောင်း၊ စစ်ကိုင်းခရိုင်အတွက် အလက်ပေါင်း(၈၀)ရရှိခဲ့ရာ စစ်ကိုင်းမြို့နယ်တွင် အလက်(၅၀)၊ မြင်းမူမြို့နယ်တွင် အလက်(၂၀)နှင့် မြောင်မြို့နယ်တွင် အလက်(၁၀)လက်ရရှိခဲ့ရာ တောင်သူများအနေဖြင့် လက်တွေ့ဆောင်ရွက်လုပ်ကိုင်သွားကြပြီး ဒေသခံတောင်သူများနှင့်အတူ စနစ်တကျသုံးစွဲ လုပ်ကိုင်သွားကြပါလို့ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက တောင်သူများအား မျိုးစေ့ချကိရိယာများနှင့် ဝါမျိုးကောင်း/ မျိုးသန့်စေ့များကို အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်