ဖျာပုံ ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ (၂၀၂၄) ခုနစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ်" သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး" ဟူသော ဆောင်ပုဒ်နှင့်အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတများ ပြည်သူလုထုထံသို့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိပြီး တက်ကြွတဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာစေရန်
ရည်ရွယ်၍ အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဖျာပုံမြို့ အထက-(၁)ကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ (၂၀၂၄)ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဟာ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်ထူးခြားလေးနက်တဲ့နေ့ဖြစ်ကြောင်း ၁၉၇၂ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့မှ စတင်သတ်မှတ်ခဲ့သော်လည်း အထိမ်းအမှတ်အခမ်းအနားများကို ၁၉၇၃ ခုနှစ်မှ စတင်ကျင်းပပြုလုပ်ခဲ့သည့်အတွက် ယခုနှစ် ၂၀၂၄ ခုနှစ်မှာ (၅၁)နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း (၂၀၂၄) ခုနှစ် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို အိမ်ရှင်နိုင်ငံအဖြစ် ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ ဗဟုသုတများ ပြည်သူလုထုထံသို့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိပြီး တက်ကြွတဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး၊ ဖျာပုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာလှိုင်က ကမ္ဘာ့ကုလသမဂ္ဂမှပေးပို့သော ၂၀၂၄ ခုနစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သဝဏ်လွှာအား ဖတ်ကြားသည်။
ထို့နောက် ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် "သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေ"ဆောင်ပုဒ်နှင့်အညီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Video Clip အား projector ဖြင့် ပြသပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)