၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးခြင်း အခမ်းအနားကျင်းပ

လှိုင်းဘွဲ ဇွန် ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လှိုင်းဘွဲမြို့နယ်ဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ကျေးရွာများမှတောင်သူများအား  (၂၀၂၄) ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်(၁၁)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနား၌  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာ  ဒေါ်ဇင်ဝင်းမာက နိုင်ငံတော်အစိုးရမှ မိုးစပါးစိုက်ပျိုးကြမည့် တောင်သူများအား လယ်(၁)ဧကလျှင် စိုက်ပျိုးစရိတ်  ချေးငွေ(၁၅၀၀၀၀)ကျပ်ကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးလျက်ရှိပြီး လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် မိုးစပါးချေးငွေအား  မိုးပါးစိုက်ဧက (၂၅၁၉)ဧကအတွက် ချေးငွေကျပ် (၃၇၇၈ ဒဿမ ၅၀)သိန်းကို ထုတ်ချေးပေးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း တောင်သူများအား ဆွေးနွေးရှင်းပြခဲ့သည်။

ထို့နောက် မြန်မာ့အာမခံလုပ်ငန်း၊ ကရင်ပြည်နယ်ရုံးမှ  ပြည်နယ်မန်နေဂျာ  ဒေါ်ဖြုဖြူပုလဲက မြန်မာပြည်(အောက်ပိုင်း) ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံထားရှိခြင်းအတွက် သတ်မှတ်မိုးရေချိန်စံညွှန်းထက် ကျော်လွန်သော မိုးရွာသွန်းခြင်းနှင့် ရေကြီးနှစ်မြုပ်ပျက်စီးခြင်းတို့ကြောင့် လျော်ကြေးအကျိုးခံစားခွင့်ရရှိမည့် အာမခံအမျိုးအစားများ၊ အာမခံကာလမှာ ဇူလိုင်လ(၁)ရက်နေ့မှ အောက်တိုဘာလ(၃၁)ရက်နေ့အထိဖြစ်ကြောင်း၊ သတ်မှတ်ကာလအနေဖြင့် ပထမကာလကို ဇူလိုင်လ မှ သြဂုတ်လ၊ ဒုတိယကာလကို  စက်တင်ဘာလ မှ အောက်တိုဘာလအထိ သတ်မှတ်ထားကြောင်း၊ ပထမကာလအတွက်  သတ်မှတ်ထားသော   မိုးရေချိန် (၁၁၆ ဒဿမ ၄၆)လက်မထက် မိုးရေချိန်ကျော်လွန်ရွာသွန်းပါက အာမခံထားငွေ၏ (၂၀)ရာခိုင်နှုန်း၊    ဒုတိယကာလအတွက် သတ်မှတ်ထားသော မိုးရေချိန်ပမာဏ (၉၈ ဒဿမ ၂၇)လက်မထက်   ကျော်လွန်ရွာသွန်းပါက အာမခံထားငွေ၏ (၃၀)ရာခိုင်နှုန်းကို လျော်ကြေးခံစားခွင့်ရရှိမည့်အကြောင်း၊ တောင်သူလယ်သမားများအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိမိချေးငွေထုတ်ယူထားသော ဧကအလိုက် မိုးစပါး(၁)ဧကအတွက် အာမခံ(ပရီမီယံကြေး) ကျပ်(၃၀၀၀)ကို သီးနှံအာမခံထားရှိနိုင်ကြောင်း ဆွေးနွေးရှင်းပြခဲ့သည်။

ဆက်လက်၍ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးခြင်း အခမ်းအနားသို့   တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်သူများက ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံထားရှိခြင်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာ့အာမခံလုပ်ငန်းမှ ပြည်နယ်မန်နေဂျာတို့က ပြန်လည်ရှင်းပြဆွေးနွေးပေးခဲ့ကြသည်။

၂၀၂၄ခုနှစ်၊ မိုးစပါးချေးငွေထုတ်ချေးပြီးစီးမှုအနေဖြင့် ဇွန်လ(၄)ရက်နေ့တွင် မြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာမှ တောင်သူ(၅၃)ဦး၊ မိုးစပါးစိုက်ဧက(၄၀၃)ဧကအတွက် ချေးငွေကျပ်(၆၀၄ ဒဿမ ၅၀)သိန်းအား ထုတ်ချေးပြီးစီးပြီးဖြစ်ကြောင်း၊  ကျန်ရှိသည့် တောင်သူများအား မိုးစပါးချေးငွေများကို  ဆက်လက်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် တောင်သူများမှလည်း မိုးစပါးသီးနှံအာမခံကြေးကို မြန်မာ့အာမခံလုပ်ငန်းသို့ ပေးသွင်းလျက်ရှိပါကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊   လှိုင်းလွဲမြို့နယ်ဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်နန်းမြင့်မြင့်အေးထွန်းက  ရှင်းပြသည်။

လင်းသန့်( ပြန်/ဆက်)