နာဂဒေသလဟယ်မြို့တွင် ဒေသအဆင့် သဘာ၀ဘေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

လဟယ် ဇွန် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ သဘာ၀ဘေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေပိုင်း (၁၄) နာရီအချိန် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်းက အဖွင့်အမှာစကား ပြောကြားပြီး နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးလင်းကိုကိုက ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ ထို့နောက် နာဂဒေသတွင် မေလ (၂၇/၂၈) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုပြီး တောင်ကျချောင်းရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြသော လမ်းတံတား၊ ဆက်သွယ်ရေး၊ စိုက်ခင်းဧကများ၊ လူနေအိမ်များ ပျက်စီးမှုအခြေအနေ၊ အရေးပေါ် ကယ်ဆယ်ရေး ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာ၀န်ရှိသူများက တင်ပြဆွေးနွေးကြပါသည်။

ထို့နောက် ဒေသအဆင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများက မိမိတို့ဌာနအလိုက် တာ၀န်ယူဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအလိုက် ဆွေးနွေးတင်ပြကြရာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့က သက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် အဖွဲ့၀င်များ၊ နာဂဒေသ (လဟယ်၊ နန်းယွန်း၊ လေရှီး)ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာ၀န်ရှိသူများဒေသအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)