တနင်္သာရီ ဇွန် ၅
၂၀၂၄ ခုနှစ်၊ ယနေ့ကျရောက်သည့် (၅၁)ကြိမ်မြောက်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သစ်တောဦးစီးဌာနမှကြီးမှူး၍ သစ်ပင်သစ်တောများ၏တန်ဖိုးကို မိဘပြည်သူများက အလေးထား သိရှိနားလည်ပြီး ဥပတိရုပ်ကောင်းမွန်စေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်စေရေးနှင့် အရိပ်အာဝါသကောင်းမွန်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၇ နာရီခွဲအချိန်က ဆင်ခြေဖုန်းကျေးရွာအုပ်စု-အောက်ကင်း အရှေ့ကျေးရွာ ပြည်ထောင်စုလမ်းမကြီးဘေးနေရာတွင် ဌာနဆိုင်ရာများ၊ ပူးပေါင်းအဖွဲ့များက တပျော်တပါး ပါဝင်ဆင်နွဲကာ စိုက်ပျိုးပေးကြကြောင်း သိရှိရသည်။
၎င်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အ.ထ.က-တနင်္သာရီမှ ဆရာ/မများနှင့် ကျောင်းသား/သူများ အင်အား(၂၀၀)ဦးခန့်တို့က တပျော်တပါး ပါဝင်ဆင်နွဲ့ခဲ့ကြသည်။
ရှေးဦးစွာ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူထံ ကံ့ကော်ပျိုးပင်များကို မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးမောင်မောင်ကျော်က ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်အောင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်း၊ ဆရာမတစ်ဦးနှင့် ကျောင်းသူ၊ ကျောင်းသားတို့အား တောအုပ် ဦးဆင့်မျိုးအောင်က စိုက်ပျိုးမည့်ပျိုးပင်များကို ပေးအပ်ခဲ့သည်။
ထို့နောက် အမှတ်(၂)စစ်နယ်မြေမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/မများ ကျောင်းသူ/ ကျောင်းသားများ စုစုပေါင်း အင်အား(၂၀၀)ဦးခန့်တို့က ကြိုတင်သတ်မှတ်ထားပေးသည့် နေရာအသီးသီး၌ ပျဉ်းကတိုးပင် (၁၀၀)ပင်၊ စိန်ပန်း(၆၀)ပင်၊ မဟော်ဂနီ(၈၀)ပင်၊ ခရေပျိုးပင်(၇၀)ပင်၊ မန်ဂျန်ရှား(၆၀)ပင်၊ ကံ့ကော်ပင်(၅၀)ပင် ပျိုးပင် စုစုပေါင်း (၄၂၀)ပင်ကို မြို့နယ်သစ် တောဦးစီးဌာနဝန်ထမ်းများ၏ ပေါင်းစပ်ကူညီမှုဖြင့် တပျော်တပါး ပါဝင်ဆင်နွှဲ၍ စိုက်ပျိုးပေးကြကြောင်း သိရှိရသည်။
ထို့နောက် အမှတ်(၂)စစ်နယ်မြေမှူးသည် ၎င်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ပါဝင်ဆင်နွဲ့ကာ သစ်ပင်စိုက်ပျိုးပေးနေကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)