ဇီးကုန်း ဇွန် ၅
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်အတွင်းရှိ ကလေးသူငယ်များ ရောဂါဘယကင်းဝေးပြီး၊ ကျန်းမာသန်စွမ်းသည့် လူစွမ်းအားအရင်းအမြစ် ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ပေးလျက်ရှိသည်။
မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်လမ်းညွှန်မှုနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိကလေးငယ်များအား အသည်းရောင်အသားဝါ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှော (ရိုတာဗိုင်းရပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုပ်ရောင်(ပီဗွီစီ)၊ ဝက်သက် ဂျိုက်သိုး ရောဂါ ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် သက်ဆိုင်ရာဆေးများကိုထိုးနှံပေးပြီး ပိုလီယိုအကြာသေ ကာကွယ်ဆေးများ တိုက်ကျွေးပေးခဲ့ကြောင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များကိုလည်း ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြသည်။
ထို့အပြင် ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာကျေးလက်ကျန်းမာရေး ဌာနခွဲများ၌ အဆိုပါကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းများကို ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)