ကြို့ပင်ကောက်မြို့တွင် ၂၀၂၄ ခုနှစ် မိုးစပါး ၈၆၈၂၅ ဧက စိုက်ပျိုးနိုင်‌ရေး လျာထား

ကြို့ပင်ကောက် ဇွန် ၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်ခရိုင် ကြို့ပင်ကောက်မြို့တွင် ၂၀၂၄ ခုနှစ် မိုးစပါးအား ၈၆၈၂၅ ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ကြို့ပင်ကောက်မြို့တွင် ရတနာတိုးစပါး ၃၂၂၆၅ ဧက၊ ဆင်းသုခစပါး ၄၆၅၈၀ ဧက၊ မှော်ဘီ-၃စပါး ၂၅၂၀ ဧက၊ YSR-1 စပါး ၁၅၀ ဧကနှင့် ထိုင်းနှံကောက်စပါး ၅၃၁၀ ဧက စုစုပေါင်း ၈၆၈၂၅ ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း ယခင်နှစ်က စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးအတွက် မျိုးစပါးများဖြန့်ဖြူးပေးခြင်း မြေဩဇာသွင်းအားစုများ ဖြန့်ဖြူးပေးခြင်းနှင့် စိုက်ပျိုးရေးနည်းစနစ်များအား ကွင်းထဲအရောက် အသိပညာပေးဆောင်ရွက်နိုင်ခဲ့၍ ယခုနှစ်တွင်လည်း လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်‌စေရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ညှိအဖွဲ့များမှ တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြာင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)