ပန်းတောင်း ဇွန် ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသက် ၂ လမှ ၂ နှစ် အောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် ၉ နာရီကဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဖြူပြာမင်းနှင့် သားဖွားဆရာမ ဒေါ်မာမာချိုတို့မှ ကိုယ်ဝန်ဆောင်မိခင်များအား သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ကိုယ်ဝန်စမ်းသပ်ပေးခြင်း၊ မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုယ်ဝန်ဆောင်အားဆေးများပေးခြင်း၊ တီဘီရောဂါလက္ခဏာ ရှိ/ မရှိ မေးမြန်းခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး ပထမဆုံးအကြိမ် ကိုယ်ဝန်လာအပ်နှံသော ကိုယ်ဝန်ဆောင်မိခင်များအား မိခင်မှ သန္ဓေသားသို့ ရောဂါကူးစက်မှုဆိုင်ရာ ဗဟုသုတပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးသည်။
ထို့နောက် သားဖွားဆရာမ ဒေါ်ခိုင်သင်ဇာဝင်းမှ ကာကွယ်ဆေးထိုးနှံကြမည့် ကလေးငယ်များအား အပူချိန်တိုင်းတာပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပြီးနောက် အသက်(၂)လအရွယ် ကလေးများကို ဘီဂျီစီ၊ ပိုလီယို သောက်ဆေး၊ ပီစီဗီ၊ ငါးမျိုးစပ်၊ (၄)လအရွယ် ကလေးငယ်များကို ပိုလီယိုသောက်ဆေး၊ ပီစီဗီ၊ ပိုလီယိုထိုးဆေး၊ ငါးမျိုးစပ်၊ (၆)လအရွယ် ကလေးငယ်များကို ပိုလီယို၊ ပီစီဗီ၊ ငါးမျိုးစပ်၊ (၉)လအရွယ် ကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်၊ (၁)နှစ်ခွဲအရွယ်ကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးများကို ထိုးနှံ/ တိုက်ကျွေးကာ ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)