သာယာဝတီ ဇွန် ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အကြိုအထိမ်းအမှတ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးက ပြည်သူများနှင့် လူငယ်များအနေဖြင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို ကျောင်းသား၊ လူငယ်များ သိရှိနာလည်းနိုင်စေရန်အတွက် အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဒေါ်အိအိအောင်က စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သာယာဝတီခရိုင် ပတ်ဝန်းကျင်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်သန္တာဖွေးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဘာကြောင့် ဆောင်ရွက်သင့်သလဲ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးလာမှု အကြောင်းအရာများ၊ သဘာဝသံယံဇာတအရင်းအမြစ်များ ပျက်စီးဆုံးရှုံးမှုမရှိစေဘဲ ပစ္စုန်ပ္ပန်၊ အနာဂတ်မှာ ထုတ်ယူသုံးစွဲနိုင်မည့် နည်းလမ်းများ၊ အနာဂတ်မှာ ယိုးယွင်းပျက်စီးလာစေနိုင်မည့် အခြေအနေများကို ကြိုတင်မှန်းဆပြီး ထိန်းသိမ်းကာကွယ်ရန် လိုအပ်ကြောင်း၊ စနစ်တကျ အမှိုက်စွန့်ပစ်နိုင်မည့် နည်းလမ်းများအကြောင်းများအား ပရိုဂျက်တာဖြင့် အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲသို့ သာယာဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ပြည်သူများတက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့တက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)