ကန်ကြီးထောင့် ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့ညနေ(၃)နာရီအချိန်က ကန်ကြီးထောင့်မြို့နယ်၊ မဂူကျွန်းကျေးရွာအုပ်စု၊ မဂူကျွန်းကျေးရွာရှိ (မူလွန်)ဘုန်းတော်ကြီးပညာသင်ကျောင်းသို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်ကြီးအားဖူးမြော်၍ ဝတ္ထုငွေနှင့်သင်္ကန်းများဆပ်ကပ်ခဲ့သည်။ ထို့နောက် မဂူကျွန်းကျေးရွာ (မူလွန်)ဘုန်းတော်ကြီးပညာသင်ကျောင်းရှိ ကျောင်းသား/ ကျောင်းသူများစာသင်ကြားနေမှုများအားကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသုံးပစ္စည်းနှင့် ကျောင်းဝတ်စုံများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးကအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိအခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများနှင့် ဆန်၊ ဆီ၊ ကြက်ဥများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)