ပွင့်ဖြူမြို့နယ်၌ ရေသွင်းနှမ်းစိုက်ပျိုးတောင်သူများ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေး

ပွင့်ဖြူ ဇွန် ၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တောင်သူဖွံ့ဖြိုးရေးအဖွဲက ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် သီးနှံများစိုက်ပျိုးရာတွင် စားသုံးသူပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေမည့် သီးနှံများ စနစ်တကျ စိုက်ပျိုးလုပ်ကိုင်နိုင်စေရန်အတွက်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာနှင့် ကျောက်ကုန်းကျေးရွာ၌ ဒေသခံတောင်သူများကို တွေ့ဆုံ၍ ရေသွင်းနှမ်းစိုက်ပျိုးရေးနှင့်ပတ်သက်ပြီး သီးနှံအထွက်နှုန်း တိုးတက်မြင့်မားရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားရေး တောင်သူအသိပညာပေး ဆွေးနွေးဟောပြောပွဲတွင် မြို့နယ်တောင်သူ ဖွံ့ဖြိုးရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က တောင်သူများ သီးနှံဝင်ငွေတိုးပွားရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်(၇)ရပ်၊ တောင်သူများအတွက် စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေး စိုက်ပျိုးရေးကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမှု အခြေအနေများ၊ မြေဆီလွှာဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ရန် လုပ်ငန်းများ၊ စားသုံးသူပြည်သူများ အစားအစာ ဘေးကင်းလုံခြုံသော အရည်အသွေးမြှင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး လိုက်နာရမည့် စိုက်ပျိုးရေးနည်းပညာများကို အသေးစိတ်ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက နွေသီးနှံရေသွင်းနှမ်း စိုက်ပျိုးဆောင်ရွက်ရာ၌ တွေ့ကြုံရသည့် လုပ်ငန်းအားသာချက်၊ အားနည်းချက်များနှင့် သီးနှံအထွက်နှုန်း ကောင်းမွန်ရေးဆောင်ရွက်ရမည့် အချက်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးရာ တာဝန်ရှိသူများက ဒေသခံတောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားပြီး နွေသီးနှံပေါ်ချိန်၌ တောင်သူသီးနှံစုပေါင်းရောင်းချပွဲ ပြုလုပ်မည့် လုပ်ငန်း အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)