ပွင့်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရေး နွေနှမ်း ဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ် တောင်သူပညာပေးစံပြကွက် ဧက (၇၀) စိုက်ပျိုးဆောင်ရွက်

ပွင့်ဖြူ ဇွန် ၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ နွေနှမ်းဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ် တောင်သူပညာ ပေးစံပြကွက် ဧက(၇၀) စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်းနှင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောပြ၍ သိရသည်။

"ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေရန်နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်ပြီးတော့ နွေနှမ်း ဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ် တောင်သူပညာပေး စံပြကွက်များ အကောင်အထည်ဖော် စမ်းသပ်စိုက်ပျိုးဆောင်ရွက်ထားရှိပါတယ်။ အဓိက တောင်သူတွေကို မိရိုးဖလာ စိုက်ပျိုးနည်းစနစ်တွေအစား သီးနှံအထွက်နှုန်း ကောင်းမွန်တဲ့ စိုက်ပျိုးနည်းစနစ်များကို ပြောင်းလဲစိုက်ပျိုးနိုင်အောင် ဆောင်ရွက်တာဖြစ်ပါတယ်။ ယခု ဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ်က အပင်ပြုစုစောင့်ရှောက်ရတာလဲ လွယ်ကူတယ်၊ မိုးသည်းထန်စွာ ရွာသွန်းတဲ့အခါမှာလဲ အပင်ခြေတွေမှာ ရေမဝပ်အောင် အဆင်ပြေစွာ ရေထုတ်နုတ်နိုင်တယ်။ ဒါ့အပြင် အပင်အတွက် ရေအစိုဓာတ် လိုအပ်လာရင်လဲ လွယ်ကူစွာနဲ့ ဆောင်ရွက်လို့ရတယ်။ အဲဒီလို ဆောင်ရွက်လို့ရတဲ့အတွက် သီးနှံအထွက်နှုန်းကိုလဲ ပိုမိုရရှိစေပါတယ်။ ဒါ့ကြောင့် ဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ်ဟာ တောင်သူတွေအတွက် များစွာအကျိုးဖြစ်ထွန်းမှုရှိတာဖြစ်လို့ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်အောင် တောင်သူပညာပေးလုပ်ငန်းများကိုလည်း ကွင်းဆင်းဆောင်ရွက်ပေးနေပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

အဆိုပါ ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးခြင်းသည် မိုးရွာသွန်းမှုများပါက ရေထုတ်နုတ်ရန် လွယ်ကူ၍ မိုးရွာသွန်းမှု နည်းပါးသည့်အခါတွင်လည်း ရေသွင်းရန်လွယ်ကူသည့်အပြင် အပင်ပြုစုစောင့်ရှောက်ရန် ကောင်းမွန်သဖြင့် အောင်မြင်ဖြစ်ထွန်းမှုကို ပိုမိုရရှိစေကာ သီးနှံအထွက်နှုန်းများ တိုးပွားစေနိုင်ကြောင်း သိရသည်။ ယင်းဘောင်ကြီးတင်စနစ် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာအုပ်စု၊ လယ်လှကုန်းကျေးရွာအုပ်စု၊ ဖလံတောကျေးရွာအုပ်စု၊ ကျောင်းကုန်းကြီး ကျေးရွာအုပ်စု၊ ကျောင်းတော်ရာကျေးရွာအုပ်စုနှင့် အင်းဒေါင်းကျေးရွာအုပ်စု၊ စုစုပေါင်း ကျေးရွာအုပ်စု (၆) အုပ်စုရှိ ဒေသခံတောင်သူ (၂၀) ဦး၏ စိုက်ပျိုးလယ်မြေများတွင် နွေနှမ်းဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ်ဖြင့် တောင်သူပညာပေး စံပြကွက်စိုက်ခင်း ဧက (၇၀) အား အကောင်အထည်ဖော် စမ်းသပ်စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)