မင်းဘူး ဇွန် ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ်လျော့နည်းစေရေးအတွက် ဈေးရောင်း ဈေးဝယ်ပြည်သူများသိရှိစေရန် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီခွဲက မင်းဘူးမြို့ မြို့မဈေးကြီး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဈေးကော်မတီဝင်များနှင့် ပူးပေါင်းပြီး မင်းဘူးမြို့ မြို့မဈေးကြီးနှင့် ပျံကျဈေးအတွင်း/ အပြင်ရှိ ဈေးရောင်းဈေးဝယ် ပြည်သူများနှင့်တွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ်အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချသွားကြရန်၊ ပြည်သူများ အစားအစာဘေးကင်းလုံခြုံရေးအတွက် သန့်ရှင်းလတ်ဆတ်သော အသား/ ငါး၊ အသီးအရွက်နှင့် စားကုန်ပစ္စည်းများကို စနစ်တကျရောင်းချကြရန်နှင့် ဈေးဆိုင်ခန်းများဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်တို့ကို အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ဈေးရောင်းဈေးဝယ်ပြည်သူများကို သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး ပလတ်စတစ်ပစ္စည်းများ လျှော့ချနိုင်ရေးအတွက် ပလတ်စတစ်ပစ္စည်းအစားထိုးအသုံးပြုနိုင်ရန် ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်၊ စက္ကူတို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ဈေးဝန်းကျင်သန့်ရှင်းရေး၊ ဈေးအတွင်းရှိ အများသုံးသန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်စေရေးနှင့် ရေလုံလောက်မှု ရှိ/ မရှိ ကြည့်ရှုစစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇေယျာထက်