မြောင်းမြ ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ကျောင်းသား/သူများ ကျောင်းစာအပြင် အခြားအထွေထွေဗဟုသုတနှင့် စာဖတ်သည့် အလေ့အထများရရှိစေရန်ရည်ရွယ်၍ ဟောပြောပွဲ၊ နံရံစာစောင်နှင့်စာအုပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က အ.မ.က (လွန်) ဘုရားချောင်း (ရပ်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.မ.က(လွန်)ဘုရားချောင်း(ရပ်)ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အုန်းကြိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)