အိမ်မဲ ဇွန် ၅
ဇွန်လ(၅)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု ဆိတ်ချေးကုန်းကျေးရွာ၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါမိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် သစ်တောဦးစီးဌာနမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့အား မန်ဂျန်ရှားအပင် (၈၅၀)၊ ကျွန်းပင် (၅၀)၊ ပျဥ်းကတိုး ပင် (၅၀)၊ မဟော်ဂနီပင် (၅၀)တို့ကိုပေးအပ်ခဲ့ပြီး တစ်ပြိုင်တည်းစိုက်ပျိုးခဲ့ကြသည်။
“သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုညီညွတ်မျှတစေရေး၊ အရိပ်အာဝါသနဲ့ မျက်စိပဒါသအကျိုးများရရှိစေရေး၊ ဒေသခံပြည်သူများက သစ်ပင်များစုပေါင်းစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအလေ့အကျင့်များ တိုးပွားလာစေရေးစတဲ့ ရည်ရွယ်ချက်များနဲ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း” အိမ်မဲမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်တာဝန်ခံတောအုပ် ဦးအောင်မျိုးပိုင်ပြောကြားချက်အရ သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)