စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသား အားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

မုံရွာ ဇွန် ၅

၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ ကျောင်းအုပ်ကြီးနှင့်နည်းပြများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တာဝန်ရှိသူများအနေဖြင့် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နည်းပြများနှင့်အားကစားသမားများအား မှန်မှန်ကန်ကန်ဖြင့် အရည်ချင်းရှိသူများအား စနစ်တကျ ရွေးချယ်၍ စခန်းသွင်းလေ့ကျင့်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် အားကစားနည်း ၂၃ မျိုးတွင် ၂၁ နည်းဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပါကြောင်း၊ သွားရောက်ယှဉ်ပြိုင်ရာတွင်လည်း အားကစားသမားများအနေဖြင့် အောင်မြင်မှုများရရှိအောင် ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း၊ ကော်မတီအသီးသီးမှ တာဝနှ်ရှိသူများအနေဖြင့် မိမိတို့တိုင်းဒေသကြီး အောင်မြင်မှုများရရှိအောင် အလေးထားကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်က ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အောင်နိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို အသီးသီး ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)မှ နည်းပြများမှ မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် အားကစားနည်းများအလိုက် ကြိုတင်စီမံဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)