ဆင်ပေါင်ဝဲ ဇွန် ၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၄ ခုနှစ်၊ မိုးရာသီသီးနှံ စိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးစန်းသော်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စုအလိုက် စပါး (၁)ဧက ငွေကျပ် တစ်သိန်းငါးသောင်းနှုန်း၊ နှမ်း (၁) ဧက ငွေကျပ် တစ်သိန်းနှုန်းတို့ကို အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် ထုတ်ချေးမှာဖြစ်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)ရှိသည့် တောင်သူများကိုသာ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်းနှင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးသော ကျေးရွာတောင်သူများကို ချေးငွေထုတ်ချေးသည့် စာချုပ်ပါ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် ယခင်စိုက်ပျိုးစရိတ်ချေးငွေများ ပြေကျေစွာ ပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး စည်တိုင်းအုပ်စု၊ စည်တိုင်းကျေးရွာမှ တောင်သူ(၆၃)ဦး၏ စပါးစိုက်ဧက (၈၆) ဧက၊ အခြားသီးနှံ ဧက(၁၂၇)ဧကအတွက် ချေးငွေကျပ်(၂၅၆.၀၀)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။
သိရသည်။
ခန့်ဝင်း(ပြန်/ဆက်)