ဘားအံ ဇွန် ၅
၂၀၂၄ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံမြို့နယ်အသင်းနှင့် လှိုင်းဘွဲမြို့နယ်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ပွဲကစားချိန်အတွင်း တစ်ဖက် ၃ ဂိုးစီဖြင့် သရေရလာဒ်ထွက်ပေါ်နေပြီး အချိန်ပိုတွင် ဘားအံမြို့နယ်အသင်းက ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကာ အမျိုးသားပြိုင်ပွဲဗိုလ်လုပွဲစဉ်အဖြစ် ဘားအံမြို့နယ်အသင်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘားအံမြို့နယ်အသင်းက ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
အဆိုပါ ဗိုလ်လုပွဲစဉ်များကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဝါသနာရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဗိုလ်လုပွဲစဉ်များအပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ဒိုင်အဖွဲ့အား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ကရင်ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆု၊ ဂိုးသမားအကောင်းဆုံးဆု၊ ပူးတွဲတတိယဆုနှင့် ဒုတိယဆုရရှိကြသည့် အသင်းများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများကိုလည်းကောင်း၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်နန်းဘေဘီမြင့်က အနိုင်ရဗိုလ်စွဲသွားသော ဘားအံမြို့နယ် အမျိုးသမီးဖူဆယ်ဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၁၀)သိန်းကျပ်နှင့် ဆုဖလားတို့ကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက်အကောင်းအားကစားသမားဆု၊ ဂိုးသွင်းအကောင်းဆုံးဆု၊ ဂိုးသမားအကောင်းဆုံးဆု၊ ပူးတွဲတတိယဆု၊ ဒုတိယဆုရရှိကြသည့် အသင်းများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမျိုးသားပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွားသော ဘားအံမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၁၀)သိန်းကျပ်နှင့် ဆုဖလားတို့ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နံနက် ၁၁ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုများကို အဓိကထိုးနှက်နေသော တရားမဝင်ကုန်သွယ်မှုများကို ပြင်းပြင်းထန်ထန် စဉ်ဆက်မပြတ် အရေးယူဆောင်ရွက်ရမည်ဖြစ်ပြီး မှန်မှန်ကန်ကန်မဆောင်ရွက်နိုင်ပါက နိုင်ငံစီးပွားရေးကိုထိခိုက်စေသည့်အပြင် ပြည်သူများ၏ လူမှုစီးပွားရေးကိုများစွာ ထိခိုက်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားရေးမောင်းနှင်အားကောင်းမွန်စေရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကအဟန့်အတားဖြစ်သည့် တရားမဝင်ကုန်သွယ်မှုများကို ယခုထက်ပိုမိုထိရောက်စွာ တားဆီးစစ်ဆေးအရေးယူရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌလုံခြုံရေးနှင့် နပ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်က နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားထိခိုက်မှုကိုဖြစ်ပေါ်စေသော တရားမဝင်ကုန်သွယ်မှုများ တားဆီးတိုက်ဖျက်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြပြီး အတွင်းရေးမှူး ပြည်နယ်အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသီဟက ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကာ အထူးအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုနှင့် အကျိုးသက်ရောက်မှုများ၊ အကောက်အခွန်မဲ့တရားမဝင်ကုန်ပစ္စည်းများဖမ်းဆီးရမိမှု၊ ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် စစ်ဆေးဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့ ပူးပေါင်းဖွင့်လှစ်သည့် သတင်းရေးသားနည်းသင်တန်း(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဌာနများ၏လှုပ်ရှားမှုများကို သတင်းရေးသားတတ်ပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းစသည်များကို နားလည်တတ်ကျွမ်းစေရန်နှင့် သတင်းရေးသားရိုက်ပေးပို့နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်ကြားပေးလိုက်သည့် သင်ခန်းစာများကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်ဖြစ်စေရန် ကြိုးစားလေ့လာမှတ်သားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ညွှန်ကြားရေးမှူး ဦးမောင်မောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် လူထုအခြေပြုဗဟိုဌာန၏ လှုပ်ရှားဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ငွေကျပ် ၂၄၄၀၀၀၀(နှစ်ဆယ့်လေးသိန်းလေးသောင်း)ကျပ်ကို ညွှန်ကြားရေးမှူးထံ ထောက်ပံ့ပေးအပ်သည်။
ယနေ့ဖွင့်လှစ်သည့်သင်တန်းကို ဌာနဆိုင်ရာများမှ သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန်လ ၃ ရက်နေ့မှ ၈ ရက်နေ့ထိ ကြာမြင့်မည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြပြီး ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)