ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သတင်းရေးသားနည်း သင်တန်းဖွင့်လှစ်

ဘားအံ ဇွန် ၅

ကရင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မိမိတို့ဌာန၏ လှုပ်ရှားမှုများကို သတင်းရေးသား ရိုက်ကူးပေးပို့တတ်စေရန် ရည်ရွယ်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့ ပူးပေါင်းဖွင့်လှစ်သည့် သတင်းရေးသားနည်း သင်တန်း(၁/၂၀၂၄)ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ဘားအံခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ပြည်သူများသည် သတင်းကို ပိုမိုသိချင်လာကြပြီး မိမိဒေသတွင် ဖြစ်ပေါ်နေသည့် သတင်းများထဲမှ ပြည်သူများ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များကို အပိုအလိုမရှိ ပြည့်စုံတိကျအောင် ရေးသားနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်ကြားပေးလိုက်သည့် သင်ခန်းစာများကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်ဖြစ်စေရန် ကြိုးစားလေ့လာမှတ်သားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ညွှန်ကြားရေးမှူး ဦးမောင်မောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် လူထုအခြေပြုဗဟိုဌာန၏ လှုပ်ရှားဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ငွေကျပ် ၂၄၄၀၀၀၀ (နှစ်ဆယ့်လေးသိန်းလေးသောင်း)ကျပ်ကို ညွှန်ကြားရေးမှူးထံ ထောက်ပံ့ပေးအပ်သည်။

ယနေ့ဖွင့်လှစ်သည့်သင်တန်းကို ဌာနဆိုင်ရာများမှ သင်တန်းသား၊ သင်တန်းသူ (၅၀)ဦး တက်ရောက်ကြပြီး ကရင်ပြည်နယ် ဓာတ်ပုံအသင်းနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ သင်တန်းဆရာများက သတင်းဓာတ်ပုံရိုက်ကူးခြင်း၊ သတင်းတစ်ပုဒ်အတွက် လိုအပ်သောအချက်အလက်များ၊ သတင်းတည်ဆောက်ပုံ သတင်းရေးသားနည်းနှင့် တည်းဖြတ်ခြင်းအစရှိသည့် သတင်းရေးသားခြင်းဆိုင်ရာ ဘာသာရပ်များကို ဇွန်လ (၃) ရက်နေ့မှ (၈) ရက်နေ့ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)