အုတ်တွင်း ဇွန် ၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်း အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ စျေးရပ်ကွက်ရှိမိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာတွင် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အေးအေးမော်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား ပေါင်ချိန်တိုင်းခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်ရောဂါ စသည့် ငါးမျိုးစပ်ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေးတိုက်ကျွေးခြင်းတို့အပြင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇွန် ၄ ရက် မှ ဇွန် ၅ ရက်နေ့ထိ မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အေးအေးမော်ထံမှ သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)