ပေါင်းတည် ဇွန် ၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် (အခမဲ့) ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ယနေ့နံနက် ၉ နာရီမှစ၍ မင်းကွက်(၃)ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းရှိ မြို့နယ်လူမှုဖူလုံရေးရုံး၌ ဆောင်ရွက်ပေးကြသည်။
အဆိုပါဆေးကုသခြင်းကို လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) အစီအစဉ်ဖြင့် မြို့နယ်လူမှုဖူလုံရေးရုံးနှင့် သုခမင်္ဂလာ(ရောဂါရှာဖွေရေး)တို့ ပူးပေါင်းပြီး ပေါင်းတည်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် လာရောက်ကာ(အခမဲ့) ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးကြခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့တွင် လူမှုဖူလုံရေး အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာန(၁၂၀)ဌာနမှ အာမခံအလုပ်သမား(၇၁၂)ဦးအနက် အာမခံအလုပ်သမား(၄၀)ဦးတို့အား လိုအပ်သောဆေးဝါးကုသမှုများ၊ ဓာတ်ခွဲစစ်ဆေးမှုများ၊ နှလုံးအတွက် ECG စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ထိုကျန်းမာရေးစောင့်ရှောက်ပေးမှုကို ဇွန်လ ၄ ရက်မှ ဇွန်လ ၅ ရက်အထိ ဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးမှ သိရသည်။
ရွှေသား(ပြန်/ဆက်)