ပေါင်းတည် ဇွန် ၄
ပေါင်းတည်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိခင်နှင့်ကလေးစောင့်ရှောက်မှုကို အရှိန်အဟုန်မြှင့် ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိရာ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် (၂) နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးများကို စုရပ်အလိုက် ထိုးနှံပေးလျက်ရှိကြောင်းနှင့် ယနေ့ နံနက်ပိုင်းက ဈေး(၁)ရပ်ကွက်၊ ၁ လမ်းရှိ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံးစုရပ်တွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံတိုက်ကျွေးပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ မွေးကင်းစမှ အသက်နှစ်နှစ်အထိ ကလေးများအား BCG ရောဂါကာကွယ်ဆေး၊ OPV ရောဂါကာကွယ်ဆေး၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ အသည်းရောင်အသားဝါဘီ ရောဂါကာကွယ်ဆေး၊ ဝက်သက်ရောဂါ ကာကွယ်ဆေးနှင့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျောရောဂါကာကွယ်ဆေး စသည့်အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို ပုံမှန်ထိုးနှံတိုက်ကျွေးပေးခဲ့ကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)