ကသာ ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်အတွင်း ပတ်ဝန်းကျင်လေထုအရည်အသွေးညွှန်းကိန်းနှင့် ဧရာဝတီမြစ်၏ ရေအရည်အသွေးတိုင်းတာမှုရလဒ်များကို လစဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ကသာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရပ်ကွက် (၉)နှင့် ရပ်ကွက် (၅)တို့တွင် အပတ်စဉ် ပတ်ဝန်းကျင်လေထုအရည်အသွေး တိုင်းတာမှုရလဒ်အပေါ် အကြံပြုချက်များမှာ စွန့်ပစ်အမှိုက်များကို စည်းကမ်းမဲ့မီးရှို့ခြင်းမှ ရှောင်ကျဉ်ပြီး 3Rs (Reduce, Reuse, Recycle)စနစ်အား လိုက်နာကျင့်သုံးခြင်း၊ လမ်းဘေးဝဲယာ/အများပိုင်နေရာများ၊ ရုံးဝင်းအတွင်း အရိပ်ရလေကာပင်များ စိုက်ပျိုးပြုစုပျိုးထောင်းခြင်း၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများအနေဖြင့် တတ်နိုင်သမျှ နေအိမ်အတွင်း နေထိုင်ကြရန်၊ အပြင်သို့ထွက်ခွာသွားလာရန်လိုအပ်ပါက တစ်ကိုယ်ရည်ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းဖြစ်သည့် (နှာခေါင်းစည်း)များအား ဝတ်ဆင်၍ သွားလာကြရန် ထုတ်ပြန်ကြေညာထားကြောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။
၂၀၂၄ ခုနှစ်၊ မေလအတွင်း အပတ်စဉ် ပတ်ဝန်းကျင်လေထုအရည်အသွေးနှင့် ဧရာဝတီမြစ်၏ ရေအရည်အသွေး တိုင်းတာရရှိသည့် ရလဒ်များကို ပြည်သူအများ သိရှိနိုင်စေရန် ကားဂိတ်များ၊ ဈေးများ၊ ကြော်ငြာဆိုင်းဘုတ်များနှင့် မိမိတို့၏ လူမှုမီဒီယာကွန်ရက်များတွင် ထုတ်ပြန်ပေးလျက်ရှိပါကြောင်း ကသာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကျော်စွာထွန်း(ကသာ)