ပေါက်ခေါင်း ဇွန် ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ မွေးစမှ အသက် ၁ နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်မှစ၍ ပြည်သူ့ဆေးရုံခန်းမဆောင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက မြို့နယ်ပေါ် ရပ်ကွက်၊ ကျေးရွာများမှ မွေးစမှ အသက် ၁ နှစ်ခွဲအရွယ်ထိကလေးငယ် (၉၃) ဦးအား အဆုတ်တီဘီ၊ ရိုတာ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ငါးမျိုးစပ် (BCG)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဝက်သက်၊ ဂျိုက်သိုးစသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေး ပေးခဲ့သည်။
ပေါက်ခေါင်းမြို့နယ် ကျေးရွာအုပ်စုများအတွင်းရှိ ကလေးငယ်များကိုလည်း ကျေးလက်ကျန်းမာရေးဌာနများတွင် လစဉ်ပုံမှန် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို တာဝန်ကျကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)